■ မအူပင်မြို့ရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ
■ တစ်ရက်လျှင် တွင်းအမှတ် ၁၈ မှ သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်၊ တွင်းအမှတ် ၂၀ မှ သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်၊ တွင်းအမှတ် ၁၆ မှ သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည် တိုးတက်ထွက်ရှိ
မအူပင်မြိုရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိကြောင်း သိရသည်။
ဧပြီ ၉ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယင်းမအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု့ခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူခဲ့ရာ လေဆီနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်းရေနံမြေများအနက် မအူပင် (တောင်)ဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်းပြောကြားခဲ့သည်။
■ Read more >>>>>
https://news-eleven.com/article/311196
Обсуждение 2
Обсуждение не доступно в веб-версии. Чтобы написать комментарий, перейдите в приложение Telegram.
Обсудить в Telegram